Pages

2/09/2012

“အား”လိုပါသည်



၂၀၁၁ ခု ဒီဇင်ဘာ ၁ ရက် ထုတ်  7Day News  မှာ “၂၀၁၂ ခုနှစ်တွင် ဖိလစ်ပိုင်အထက်တန်းကျောင်းအားလုံး အင်တာနက်အသုံးပြုနိုင်မည်”ဆိုတဲ့ သတင်းဖတ် ရတယ်။ ဖိလစ်ပိုင် ပညာရေးဝန်ကြီး အာမင်လူအစ်စရိုပြောတာ ကို သဘောကျမိသဗျ။ ၀န်ကြီးက “ကျွန်တော်တို့ဟာ စာသင်ခန်းတွေ၊ အိမ်သာတွေ ထပ်ဆောက် နေရုံနဲ့ မလုံလောက်ပါဘူး။ ပညာရေးမှာ တကယ့်တော်လှန်ရေးက အိုင်တီနည်းပညာနဲ့ လုပ်နိုင်ရမှာပါ”တဲ့။ အခု လက်ရှိ ဖိလစ်ပိုင်မှာ အထက်တန်း ကျောင်းပေါင်း ၃၃၀၀၆ ကျောင်းရှိ ကျောင်းသား ပေါင်း ၄ ဒသမ ၄ သန်းခန့်ဟာ အင် တာနက်အသုံးပြုခွင့်ရရှိနေပြီး လာမယ့် ၂၀၁၂ မှာ နိုင်ငံတစ်ဝန်းလုံးရှိအထက်တန်းကျောင်းတွေ အားလုံးမှာ အင်တာနက်ချိတ် ဆက်ပေးသွားမှာဖြစ်ကြောင်း၊ ဆရာ၊ ဆရာမပေါင်း ၁၃၅၃၈ ဦးကို အင်တာနက်အသုံးပြုမှုကျွမ်းကျင်စေရန်လေ့ကျင့်ထားကြောင်း၊ အင်တာနက်ချိတ်ဆက် နိုင်အောင် ခွဲတမ်းရန်ပုံငွေ စင်ကာပူဒေါ်လာ ၅၄ သန်းရရှိထားကြောင်း၊ ကျောင်းအားလုံးရဲ့ ၉၅ ရာခိုင်နှုန်းဟာကွန်ပျူတာတပ် ဆင်ပြီး ၆၅ ရာခိုင်နှုန်းက အင်တာနက် အသုံးပြုခွင့်ရထားပြီးဖြစ် ကြောင်း ဖတ်ရပါတယ်။
ဒီသတင်းဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံအတွက်သာမက ဒေသတွင်း  နိုင်ငံတွေအတွက်လည်း အတုယူအားကျဖွယ်ကောင်းတဲ့ သတင်းတစ်ရပ်ပါပဲ။ ဒီနေ့ကမ္ဘာကြီးမှာ အိုင်တီနည်းပညာကြောင့် နယ်ပယ်အသီးသီးမှာ အံ့မခန်း ဖွံ့ဖြိုးတိုးတက်လာတာ၊ အသိဉာဏ် ပညာတွေပွင့်လန်းလာတာ ဘယ်ခေတ် ကနဲ့မှ နှိုင်းလို့မရပါဘူး။ တစ်ချိန်က အရှေ့နဲ့အနောက်တစ် ကမ္ဘာစီခြားခဲ့ရတဲ့ မိုင်ထောင်ချီဝေးလံနေမှုတွေဟာလည်း အခုတော့ လက်တစ်ကမ်းအကွာမှာပါ။ ဖြစ်မှုပျက်မှု အလုံးစုံတို့ဟာ နာရီစက္ကန့်မခြား မြင်တွေ့သိရှိခွင့်ရနေကြပါပြီ။ တစ်နည်းပြောရရင် အိုင်တီနည်းပညာလွှမ်းမိုးကြီးစိုးနေတဲ့ ခေတ်၊ အိုင်တီနည်းပညာနဲ့ ကင်းကွာတဲ့နယ်ပယ် မရှိသလောက်ပါ ပဲ။ ဆိုလိုတာကတော့ နယ်ပယ် အသီးသီးမှာ အိုင်တီနည်းပညာက ရှေ့ဆောင်နေခြင်းဆိုတာပါပဲ။
ဒီကနေ့ ကျွန်တော်တို့ နိုင်ငံ မှာရှိတဲ့ အထက်တန်းကျောင်းတွေရဲ့ အခြေအနေမှန်ကို ကြည့်ရအောင်။   Multi-MediaClassroom  ဆိုတာ ရှိတယ်။ အဲဒီခေါင်း စဉ်အောက်မှာ  Computer Aided Media ,  Audio Visual Media ,  Audiosystem Media  ဆိုတဲ့ ခေါင်းစဉ်ခွဲသုံးခုနဲ့ ဖွင့်လှစ်လာတာတွေ့ရတယ်။ တကယ်ဖွင့်လှစ်နိုင်တဲ့ အနေအ ထားကို ကြည့်ရင် မြို့ကြီး၊ ပြကြီး လောက်မှာပါပဲ။ တော်ရုံတန်ရုံ နယ်နဲ့ကျေးလက်က အထက်တန်းကျောင်းတွေမှာ အိပ်မက်တစ်ခုပမာပဲ ရှိပါသေးတယ်။တစ်ခါ အဲဒီရှိပြီးသား  Multi-MediaClassroom  တွေကို ကျောင်းသူ၊ ကျောင်းသားတွေရဲ့  Apply  လုပ်နိုင်မှုကို ကြည့်ရင်လည်း နည်းပါးလှပါတယ်။ မြို့ကြီးတွေပေါ်က ကျောင်း တချို့ လောက်မှာပါပဲ။အများစုကျောင်းက သက်ဆိုင်ရာလူကြီးတွေလာရင် ဟန်ပြ ( For Show )အနေနဲ့ ပြဖို့ထားတဲ့ အဆင့်လောက်မှာပါ။ ကျောင်းသူ၊ ကျောင်းသားတွေရဲ့ တကယ်နေ့စဉ်လက်တွေ့ဘ၀မှာ အသုံးဝင်သလိုမျိုးစာပေရေးရာ လေ့လာလိုက်စားနိုင်တဲ့အထိ အသုံးပြုနိုင်ခြင်းမရှိသေးတာက အသေအချာပါပဲ။ ကျောင်းသူ၊ ကျောင်းသား တိုင်း သတ်မှတ်အချိန်နဲ့ ကိုယ်စီကိုယ်င မသုံးစွဲနိုင်သေးသလို သုံးနိုင်တဲ့ကျွမ်းကျင်မှုလည်း လိုအပ်နေကြပါတယ်။ ဒါ ဟာ ဒေသတွင်းနိုင်ငံတွေနဲ့ ချိန်ဆကြည့်ရင် မြင်သာတဲ့အခြေအနေတစ်ရပ်ပါ။
ဒါကိုပဲ တစ်ဖက်က ကြည့် ရင် မြင်သာတာရှိတယ်။ အဲဒါက ပညာရေးအသုံးစရိတ်က နှစ်စဉ် အလွန်နည်းပါးနေခြင်းကြောင့်ပါ။ ဒါကြောင့် ပညာရေးမှာ စေတနာ ရှင်၊ အလှူရှင်တွေရဲ့ ကူညီပံ့ပိုးမှုတွေ အများကြီးရယူခဲ့ရတယ်။ ဒီလိုနဲ့ အိုင်တီခေတ်ကြီးမှာ ကျောင်းသူ၊ ကျောင်းသားတွေဟာ “ကွန်ပျူတာဆိုတာ ဘာလဲဟင်”ဆိုတာ
လိုမျိုးထိ အခြေအနေတွေဆိုးရွားမသွားခဲ့ဘူး။ အလှူရှင်၊ စေတနာရှင်တွေ ခုနောက်ပိုင်းဆို ရင် ပညာရေးဖောင်ဒေးရှင်းတွေ ဟာ  တကယ့်ကို ကျေးဇူးတင် ထိုက်ပါတယ်။ ဒါပေမဲ့ ပညာရေး လောကကြီးတစ်ခုလုံး ရေရှည်ဖွံ့ ဖြိုးတိုးတက်ခေတ်မီဖို့ဆိုရင်တော့အလှူရှင်တွေကိုပဲ အားကိုးပြီး တည်ဆောက်လို့ မရနိုင်ဘူးလို့သုံးသပ်ရမှာပါ။
ကျွန်တော်တို့ အဓိကသိရှိ ခံစားနေရတာက ဒီနေ့ကလေး တွေရဲ့ အနာဂတ်လှပမှ ကျွန်တော် တို့နိုင်ငံရဲ့ အနာဂတ်က လှပမှာ ဖြစ်တယ်။ ဒီကလေးတွေရဲ့ အသိ ပညာ၊ အတတ်ပညာမြင့်မားမှုအပေါ်မှာ နိုင်ငံကို တည်ဆောက်ရ မှာ။ ဒါကြောင့် သူတို့လက်ခံရယူမယ့် အသိပညာ၊ အတတ်ပညာ ဟာ အစွမ်းကုန်မြင့်မားကြံ့ခိုင်မှုရှိမှ အ ခြေခံခိုင်မှာ။ အဲဒီအခြေခိုင် တဲ့ အုတ်မြစ်ပေါ်မှာ နိုင်ငံကို တည်ဆောက်ရမှာ။ အဓိက အခြေခံပညာအဆင့်မှာ သင်ယူ နေကြရတဲ့ ကလေးတွေဟာ တိုင်း ပြည်ရဲ့ အနာဂတ်ပဲ။ တိုင်းပြည်ရဲ့စွမ်းအားရှင်တွေ၊ပုံဖော်ထုဆစ်မယ့် ဗိသုကာလောင်းတွေပဲ။ နိုင်ငံတော်က သူတို့ရဲ့ အခြေခံပညာရေးကို အကောင်းဆုံးခေတ်အမီဆုံးနဲ့ မြှင့်တင်နိုင်ဖို့ အလိုအပ် ဆုံးပါပဲ။ အိမ်နီးချင်းနိုင်ငံတွေမှာလိုပဲ ကွန်ပျူတာတွေကို ကျောင်းသားလူငယ်တိုင်းရဲ့ လက်ထဲဈေး အချိုသာဆုံးနဲ့ ရောက်ဖို့လည်း လိုနေပါပြီ။ခုချိန်မှာကိုယ်ပိုင်ကျောင်း မှတ်ပုံတင်ဥပဒေ ပေါ်ထွက်လာသလို ပုဂလိက စာသင်ကျောင်းတွေ ပေါ်ပေါက်လာနေပါပြီ။ အစိုးရ ကျောင်းနဲ့ ပုဂလိကကျောင်းတွေရဲ့အားပြိုင်မှုတစ်စိတ်တစ်ပိုင်းကို တွေ့ရ
မှာပါ။ ဒါဟာကောင်းတဲ့ အလားအလာကို မြင်တွေ့ရဖို့ပဲရှိပါတယ်။
ပုဂ္ဂလိကကျောင်းတွေဟာ ကိုယ့်ကျောင်းအတွက် အောင်ချက်မြင့်မားရုံသာမက ကလေး တွေရဲ့ တွေးခေါ်မြော်မြင်မှု၊ တီထွင်ဖန်တီးနိုင်မှုနဲ့ ကာယ၊ ဉာဏစာရိတ္တ ဘက်စုံဖွံ့ဖြိုးမှုကို ဦးတည် လာကြမှာပါပဲ။ ကျောင်းသင်ဘာ သာရပ်အပြင် အခြေခံပညာအ ဆင့်မှာ တတ်သင့်တတ်ထိုက်တဲ့ အသိပညာ၊ အတတ်ပညာလေ့လာမှု ကျွမ်း ကျင်မှုတွေကို အိုင်တီ နည်းပညာနဲ့ သိုင်းဝိုင်းလာကြပါလိမ့်မယ်။ တစ်နည်းပြောရရင် နိုင်ငံတော်ရဲ့ တစ်စိတ်တစ်ပိုင်း သော တာဝန်ကို မျှယူထမ်းပိုးကြ တယ်လို့လည်း မြင်ရမှာပါ။ တစ် ဖက်ကလည်း နွမ်းပါးသူ၊ ပညာလို လားသူ ကလေးတွေဟာ အစိုးရ ကျောင်းတွေကိုပဲ လုံးဝမှီခိုနေရဦး မှာပါ။  " Education is the poor man's haven "  လို့ အဆိုရှိတယ်။ “ပညာရေးဟာ ဥစ္စာဓနချိုးတဲ့သူ အတွက် ဘ၀အာမခံချက်ဖြစ် သည်”ဆိုတဲ့အတိုင်း မှီခိုအားထား စရာဖြစ်စေရပါ့မယ်။ မှီခိုအားထားနိုင်လောက်အောင်
( Reform ) လုပ်သင့်တာတွေကို ကျွန်တော်တို့ အမြန်ဆုံးဖြည့်ဆည်းလုပ်ကိုင်ပေးကြဖို့ လိုပါတယ်။
ကျွန်တော်တို့ ဖြတ်သန်းလာ ခဲ့ရတဲ့ ဘ၀တွေကို ပြန်ကြည့်ရင် အတုယူဖွယ်ရာတွေ၊ အားကျဖွယ်ရာတွေ၊ စိတ်ခွန်အားတက်ကြွစရာ တွေနဲ့ ရှင်သန်ကြီးထွား ခွင့်ရခဲ့ကြ ရတာပါ။ နိုင်ငံတစ်နိုင်ငံ၊ စနစ် တစ်ခု ဒါမှမဟုတ်လူပုဂိုလ်တစ်ဦး ချင်းအနေနဲ့ပဲဖြစ်ဖြစ် အတုယူ အားကျစရာတွေ ရှိခဲ့ကြပါတယ်။ ပမာပြရရင် ဖလောရင့် နိုက်တင် ဂေးလ်လို၊ မာသာထရီဇာလို၊ ဗိုလ် ချုပ်အောင်ဆန်းလို လူ့တန်ဖိုးရှိ သူတွေကို အတုယူအားကျခဲ့ပြီး နီရိုးဘုရင်လို၊ ဟစ်တလာလို၊ ဗိုလ် ချုပ်ကြီးတိုဂျိုလိုလူတွေကိုတော့ဖြင့် ငတေမာရင်ပြီးရောဆိုတဲ့ အတ္တယစ်မူးသူတွေ အဖြစ်မှတ် ယူခဲ့ကြတာပါ။ အတုယူသင့်တာ အတုယူတာ။ အားကျသင့် အား ကျထိုက်တာကို အားကျတာဟာ မြင့်မြတ်တဲ့ တွေးခေါ်မြော်မြင်မှုတစ်ရပ်ပါပဲ။ ကြည့်လေ တစ်ချိန်က စင်ကာပူနိုင်ငံ အကြီးအကဲ လီကွမ်ယုဟာ စင်ကာပူနိုင်ငံ တည်ဆောက်ဖို့ ရန်ကုန်မြို့ရဲ့ မြို့ပြတည်ဆောက်မှုကို အတုယူပြီး အခြေတည်ခဲ့တာပါ။ ဟော အခု တစ်ခါ ကျွန်တော်တို့က စင်ကာပူကို အတုယူပြီး ရန်ကုန်မြို့ကြီးကို ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ မြို့ပြတစ်ခုအဖြစ်တည်ဆောက် ဖို့စိုင်း ပြင်းနေကြရပြန်ပါပြီ။ ဒါ့ကြောင့် သန့်ရှင်းကျန်းမာသော မြို့တော်အဖြစ် တည်ဆောက်ရေးစီမံချက်   Green ,  Clean and Health City Plan  ပြန်လည်သက်ဝင်လာ ပြီလို့ မျှော်လင့်ရပါတယ်။ ဒီလိုပါပဲ တစ်ချိန်က ရန်ကုန်တက္ကသိုလ်ကြီးရဲ့ ဂုဏ်သတင်းအနံ့အသက် တွေကိုလည်း ပြန်လည်ရှူရှိုက်နေမိပါတယ်။
ဆရာဒေါက်တာ ခင်မောင်ညိုရေးခဲ့တာလေးနဲ့ပဲ နိဂုံးချုပ်ချင် ပါတယ်။ ဆရာက “အရေးအကြီး ဆုံးက ပညာရေးဖြစ်တယ်။ ကျောင်းမှာ အသိပညာအရည်အ သွေးနဲ့ တန်ဖိုးရှိအောင် လေ့ကျင့် ပေးဖို့လိုတယ်။ သဲရောင်းရင်လည်းပိုက်ဆံရတယ်။ ပတ္တမြား ရောင်းရင်လည်း ပိုက်ဆံရတယ်။ သဲက သဲဈေး၊ ပတ္တမြားက ပတ္တမြားဈေး
ပေါ့တဲ့။ ပတ္တမြားရောင်းရဖို့ တစ်နည်းအားဖြင့် ကျောက်ကောင်းဖြစ်ဖို့အတွက်တော့ မှန်ကန်တဲ့ဖိအား၊ အပူချိန် လိုအပ်တယ်” တဲ့။ ဒါကြောင့် သားကောင်းတစ်ယောက်၊ ကျောက်ကောင်းတစ်စေ့ဖြစ်ဖို့ဆိုရင်တော့ကလေးတွေရဲ့ ပညာရေးမှာ လိုအပ်နေသေးတဲ့ ကူညီပံ့ပိုးမှု “အား” တွေ၊ ပြုပြင်ပြောင်းလဲနိုင်မှုစွမ်းအားတွေ မဖြစ်မနေဖြည့်ဆည်း ဆောင်ရွက်ဖို့ လိုအပ်လှပါကြောင်း  ...။             ။

No comments:

Post a Comment