Pages

2/15/2012

မကောင်းမှုရှောင်၊ကောင်းမှုဆောင်၊ဖြူအောင်စိတ်ကိုထား။

သဗ္ဗပါပဿ အကရဏံ၊ကုသလဿူပ သမ္ပဒါ။
သစိတ္တ ပရိယောဒါပနံ ၊ ဧတံ ဗုဒ္ဓါန သာသနံ။

မကောင်းမှုများ ပယ်ရှားရှောင်ခွာ၊
ကောင်းမှုအပေါင်း စုဆောင်းကြပါ။
မိမိစိတ်လည်းသန့်ရှင်းစေရာ၊
ဤသုံးပါး ဘူရားသာသနာ..။

~~~~~~~~~~~~~~~~~~~~~~~~~~


လောက၌ ကောင်းမှု မကောင်းမှု၊တနည်းအားဖြင့် ကောင်းသောအလုပ် မကောင်းသောအလုပ် ဤနှစ်မျိုးသာရှိသည်။ ကောင်းသော အလုပ်မှန်သမျှကို သဗ္ဗကုသလကမ္မ ဟုခေါ်သည်။ မကောင်းသော အလုပ်မှန်သမျှကို သဗ္ဗပါပကမ္မ(သဗ္ဗအကုသလကမ္မ)ဟုခေါ်သည်။

ဆိုတော့.... သဗ္ဗကုသလကမ္မခေါ် ကောင်းသောအမှုလုပ်ငန်းသည် အပြစ်ကင်းသည်။ကောင်းသော အကျိုးကျေးဇူးကို ဖြစ်ထွန်းစေသည်။ တနည်းအားဖြင့်ဆိုလျှင် အပြစ်ကင်း၍ ကောင်းကျိုးကိုဖြစ်စေမှသာလျှင် ကောင်းသောလုပ်ငန်း စစ်မှန်ပေမည်။ ထိုကြောင့် "အပြစ်မရှိ ကောင်းသော အကျိုးကို ပေးခြင်းလက္ခဏာရှိ၏"ဟု လောကုတ္တရာစာပေ၌ ထင်ရှားစွာဆိုထားသည်။ ဘုရားစကား အစစ်မှန်လည်းဖြစ်သည်။



 

သဗ္ဗကုသလကမ္မဟုဆိုလိုက်ခြင်းအားဖြင့်အားလုံးရဲ့ အတွေးဝယ်ဘုရားရှိခိုးခြင်း၊ပန်း,ရေချမ်း,ဆီမီးကပ်ခြင်း၊ တရားနာ,တရားအားထုတ်ခြင်း စတာတွေကို တစ်စီတစ်တန်းကြီး တွေးမြင်မိကြမည်မှာ မလွဲပေ။ ထိုအမှုကိစ္စတို့သည်လည်း အမှန်ပင် ကုသလကမ္မ(ကုသိုလ်လုပ်ငန်း)များ ဖြစ်နေသောကြောင့်ပင်။

ဆိုကြပါစို့...အခြေခံအကျဆုံးဖြစ်သော နေ့စဉ်ပုံမှန်ဘုရားရှိခိုးခြင်းသည် ဗုဒ္ဓဘာသာတိုင်းရဲ့နှစ်လိုကြည်နူးဖွယ်ရာ
ယုံကြည်မှုတို့တည်ဆောက်ရာ စိတ်၏စင်ကြယ်ငြိမ်းအေးမှုတို့ မွေးဖွားရာ သဒ္ဓါဗိသုကာကြီးသဖွယ်ဖြစ်သည်။ အခြားသော ဘာသာအယူဝါဒတွေမှာလည်း မိမိတို့ကိုးကွယ်အားထားသည်၌ ဤသို့အားလျော်စွာ ဝတ်ပြုဆုတောင်းခြင်းစသည့်အခြေခံလုပ်ငန်းတိုင်းမှာ မိမိတို့ယုံကြည်မှုအလျောက် ပြုလုပ်ဆောင်ရွက်ကြမည်မှာ မုချပင်ဖြစ်ပေသည်။

ထိုသို့လုပ်ဆောင်ကြသည့်အခါတိုင်းမှာလည်း မိမိတို့ ဝါဒအလျောက် ကုသိုလ်လုပ်ငန်းဖြစ်သည်။ ကုသိုလ်ရသည်လို့ ယုံကြည်ကြပေမည်။ ဤကား အခြေခံ ခံယူမှုအပေါ်၌ နှိုင်းယှဉ်ချက် သက်သက်မျှသာဖြစ်ပါသည်။ တစ်ဘာသာနှင့်တစ်ဘာသာ ခြားနားသော အရာများစွာ ရှိကြသည်ကို ပြောလိုရင်းမဟုတ်ပါ။ ဆက်နွယ်တူညီသော အခြေခံတည်ဆောက်ပုံလေးတွေကိုသာ ဆိုလိုပါသည်။

ရှိစေတော့။ကုသိုလ်ကောင်းမှုဆိုသော စကားလုံးကို ဆွဲဆန့်တန်သလောက် ဆွဲဆန့်ကြည့်၍ စကားချီလိုက်ခြင်းဖြင့် သဘောသက်ဝင်လွယ်မည်ဟုထင်ပါသည်။ မိမိအဓိက တင်ပြသော အကြောင်းအရာများသည် ကုသိုလ်,အကုသိုလ် (ဝါ)ကောင်းသောအလုပ်,မကောင်းသောအလုပ် ဒီနှစ်ချက်ကို တင်ပြနေခြင်းဖြစ်၍ အဆိုပါ စကားလုံးများကို ထပ်ကာ ထပ်ကာ သုံးနှုံးနေမိမှာဖြစ်သောကြောင့် ထိုသို့သုံးနှုံးလာမည့်အပေါ် နားလည်ပေးဖို့ရန်ကိုလည်း ဦးစွာမေတ္တာရပ်ခံပါ၏။

သာမန်အားဖြင့်ကြည့်လျှင် ကောင်းမှုကုသိုလ်တစ်ခုကို ပြုလုပ်ဆည်းပူးလိုက်ရာ၌ ကုသိုလ်ရလိုက်ပြီဟူသော အသိထက် လေးနက်သော အသိတစ်ခုခုကို သတိမမူဖြစ်တာများပါသည်။ ငါ ကုသိုလ်ကောင်းမှု လုပ်လိုက်ပြီ၊ငါမှာကုသိုလ်တွေ ရပြီဟူသောပီတီအသိလေးနှင့်သာ ကုသိုလ်ကောင်းမှုလုပ်ဖြစ်နေတော့သည်။

ဘုရားဂုဏ်တော်ပွားသောအခါ ဘုရားရှင်၏ ဂုဏ်တော်ကို အာရုံစူးစိုက်၍ ပွားများမှသာ သဒ္ဓါကြည်ညိုစိတ်တို့သည် တိုးပွားပြီးရင်းတိုးပွားလာ၏။ ထိုတိုးပွားပြီးရင်း တိုးပွားလာသော သဒ္ဓါစိတ်တို့ကပင် ဘုရားဂုဏ်တော်တွေကို တိုး၍တိုး၍ ပွားများချင်စိတ်ကို တည်ကြည်ခိုင်ခံ့စေအောင် တည်ဆောက်ပေးလေ၏။

ထိုအခါ ပွားများသူ၏ စိတ်အစဉ်သည် ကြည်လင်ရှင်းသန့်ပြီး ယုံကြည်မှုတို့သည် အားအင်ပြည့်ဖြိုးလာတော့သည်။ ကုသိုလ်တစ်ခု ကောင်းမှုတစ်ခု ပြုလိုက်ရခြင်းရဲ့နောက်မှာ မိမိ စိတ်သန္တာန်၌ အဆင့်ဆင့်ရရှိလာသော အသိ (သို့)အကျိုးတရားတို့ပင်ဖြစ်ပါသည်။ သာမာန်ထက် အဲဒီအသိလေးတွေကို သတိထားမိစေချင်သည်။ သို့မှသာ ကောင်းမှုတစ်ခုလုပ်ရာ၌ ပို၍ ယုံကြည့်မှုမြဲမြံကာ ဉာဏ်ပါပါနှင့်လုပ်ဆောင် တတ်လာပါမည်။

ဒီထက်တစ်ဆင့်တက်သော် ကုသိုလ်တစ်ခုပြုပြီးတိုင်း မေတ္တာပို့ခြင်း၊ အမျှဝေခြင်း အလေ့အထတွေသည် မိမိရဲ့ပြုပြုသမျှအပေါ် မိမိလိုပဲ အများသူငါတွေ ရကြပါစေ။ပြုလုပ်နိုင်ကြပါစေ။ ကိုယ်စိတ်နှစ်ဖြာ ဘေးရန်ကွာ၍ ငြိမ်းချမ်းသာယာကြပါစေ စသည်ဖြင့် မိမိတို့ စေတနာအလျောက် ပြုလုပ်ကြခြင်းသည်လည်း မေတ္တာအခြေခံသော ကုသိုလ်ပေါ် ကုသိုလ်ဆင့်ခြင်းပင်ဖြစ်၍ မုဒိတာတရား ပြဋ္ဌာန်းပါသည်။

မုဒိတာဟူသည် သူတစ်ပါးတို့အပေါ် ကျေကျေနပ်နပ် ဝမ်းပမ်းတသာ မာစေ သာစေလိုသော စေတနာစိတ်ထားပင် ဖြစ်၍ ထို့သို့ထားနိုင်သော မိမိမှာ အဘယ်မျှပင် ဝမ်းသာလှိုက်လှဲဖွယ်ကုန်နိုင်အံ့နည်း။

ကုသိုလ်ကောင်းမှုမည်သည်မှာ ဤသို့ပင် အပြစ်ကင်းချင်တိုင်း ကင်းနေလေတော့သည်။ ထို့ကြောင့် ကုသိုလ်ကောင်းမှု ပြုကြရာဝယ် ယခုထက်မက အရှည်ကိုမြင်၍ ဉဏ်ယှဉ်ကာပြုကြမည်ဆိုလျှင် "သဗ္ဗပါပဿ အကရဏံ" မကောင်းမှုမှန်သမျှကို မပြုခြင်း (ဝါ)မကောင်းမှုများကို မပြုဖြစ်အောင် ရင့်ကျက်စေခြင်း အသိတရားများကို ပေးစွမ်းနိုင်ပါလိမ့်မည်ဟု ဆိုချင်ပါသည်။

"ကုသလဿူပ သမ္ပဒါ"ဟုဆိုအပ်သော ကုသိုလ်တရားတွေနှင့်ပြည့်စုံခြင်းဆိုတာဟာလည်း အထက်ပါ အခြေခံ စိတ်စေတနာတွေ ပြည့်စုံရင့်ကျက်လာသည်နှင့်အမျှ  
                                      **လက်ဆေးရေလည်းစင် ဒန်းပင်လည်းရှင်** 
ဟူသောဆိုရိုးစကားလို ကောင်းမှု ကောင်းသောလုပ်ငန်းတို့ကို ပြုနေသမျှကာလပတ်လုံး မကောင်းတာတွေ မကောင်းမှုလုပ်ငန်းတွေကိုလည်း ပယ်ရှားပြီးသား ရှောင်ကြဉ်ပြီးသား ဖြစ်နေပေတော့သည်။
၎င်းအချက်သည်ပင် ကုသလဿူပသမ္ပဒါ မြောက်သွားပြီဖြစ်၍လည်း သစိတ္တ ပရိယောဒါပန ဖြစ်ကာ မိမိတို့၏ စိတ်အစဉ်သည် သန့်ရှင်းနေပါလိမ့်မည်။

ဥပမာ*** သန့်သန့်ရှင်းရှင်းနေတတ်သော လူတစ်ယောက်သည် ညစ်ပတ်သွားမှာ အရမ်းကြောက်သလို ကုသိုလ်ကောင်းမှု (သို့)ကောင်းသောလုပ်ငန်းမှာ ဖြောင့်မတ်နေသော လူတစ်ယောက်သည်လည်း မကောင်းတာပြုလုပ်ရမှာ၊ အစွန်းအထင်းလေး ဖြစ်သွားမှာ မလိုလားပေ။ ထိုကြောင့် မကောင်းတာမပြုဖြစ်အောင် စောင့်ထိမ်းသည်။ ရှောင်ကြဉ်သည်။ ကောင်းတာပြုလုပ်နိုင်အောင် ကြိုးစားသည်။
ကြိုးစားပြီးပြုလုပ်သည်နှင့်အမျှ စာရိတ္တမဏ္ဍိုင် အခြေခိုင်ခိုင်နှင့် မကောင်းသည့်ဘက် အယိမ်းယိုင်ဘဲ ကောင်းသည့်ဘက်မှာသာ အပြီးတိုင် မွေ့လျော်ပျော်ပိုက်သည်။ ထို့သူ စိတ်အစဉ်သည်လည်း သူ့အလုပ်နှင့် ထိုက်တန်စွာ အမြဲကြည်လင်နေတော့သည်။
။ သဗ္ဗပါပဿ အကရဏံ၊ မကောင်းမှုမှန်သမျှကို မပြူမလုပ်ရှောင်ကြဉ်ခြင်း။
။ကုသလဿူပသမ္ပဒါ၊ကောင်းမှုတရား၊ကောင်းသောအလုပ်တွေကိုကြိုးစားပြုလုပ်နိုင်၍
ကုသိုလ်တရားတွေနဲ့ပြည့်စုံခြင်း။
။သစိတ္တပရိယောဒါပန၊စိတ်ကိုဖြောင့်မတ်ဖြူစင်အောင်ထားခြင်း(ဝါ)မကောင်းမှုရှောင်ကောင်းမှုဆောင်၍
စိတ်၏စင်ကြယ်ခြင်း
မေတ္တာဖြင့်
အရှင်သု
REF ; mieinshin

No comments:

Post a Comment